Uncategorized @my

နေပြည်တော်၊ ဇူလိုင်လ ၉

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒ(DAP) ပြန်လည်ပြင်ဆင်ချက် နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၊ အစည်းအဝေး ခန်းမကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့၊ တွဲဖက် အတွင်းရေးမှူး(၂)၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း က DAP(2020) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ဒုတိယဝန်ကြီးက ယနေ့ အစည်း အဝေးကျင်းပရသည့် အဓိကရည်ရွယ်ချက်မှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အကူအညီမူဝါဒ(၂၀၁၈)ကို လက်ရှိအသုံးပြုနေသော နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေက ထုတ်ပြန်ထား သော လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီစေရန် ရည်ရွယ်ပြီး ပြင်ဆင် ဖြည့်စွက်ကာ DAP (2020) မူကြမ်းကို ပြုစုထားပါကြောင်း၊ အဆိုပါ မူကြမ်းကို ဖွံ့ဖြိုးမှု မိတ်ဖက်များ၊ NGO နှင့် INGOs တို့ထံမှ သဘောထားမှတ်ချက်များ ပေါင်းစပ်ပြီး ပြင်ဆင် ထားပါကြောင်း၊  မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒ (DAP-2020) မူကြမ်းကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၉ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီးဌာနများနဲ့ ဗဟိုအဖွဲ့အစည်း များသို့ ပြင်ဆင်မည့်စာပိုဒ်များကို အခန်းအလိုက် ကောက်နုတ်၍ အလွတ်သဘော ဘာသာ ပြန်ဆိုချက်နှင့် မူရင်း DAP-2018 (မြန်မာ၊ အင်္ဂလိပ်)တို့ကို CD ဖြင့် ကြိုတင်ဖြန့်ဝေပြီး ဖြစ်သည့်အတွက် ဆွေးနွေးလိုသည့် အပိုင်းများရှိပါက ဆွေးနွေးနိုင်ပါကြောင်း ပြောကြား ပါသည်။

ထို့နောက် ပြန်လည်ရေးဆွဲထားသော (DAP-2020)နှင့်စပ်လျဉ်း၍ အစည်းအဝေး တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက အခန်းအလိုက် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

အဆိုပါ ဆွေးနွေးညှိနှိုင်းမှုများအပေါ် ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေး မှူးများနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။