နေပြည်တော်၊ ဒီဇင်ဘာ ၂၂
အာရှဖွံ့ဖြိုးရေးဘဏ်၏ သက်သာသောချေးငွေ/အထောက်အပံ့များဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည့် Tripartite Portfolio Review Mission အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီး ဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ပူးပေါင်း၍ Video Conference စနစ်ဖြင့်ကျင်းပခဲ့ပြီး၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မိုးချယ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ မြန်မာနိုင်ငံ ဆိုင်ရာ Country Director ဖြစ်သူ Mr. Newin Sinsiri တို့က အစည်းအဝေးကို ဦးဆောင်ကျင်းပ ခဲ့ပါသည်။
အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်အတွင်းဆောင်ရွက်ခဲ့သော စီမံကိန်းများ၏ တိုးတက်မှုအခြေ အနေ၊ ရင်ဆိုင်ကြုံတွေ့ရသည့်စိန်ခေါ်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ Financial Management နှင့် Audit နှင့်စပ်လျဉ်းသည့် အဓိကလေ့လာတွေ့ရှိချက်များကို ADB မှ ကိုယ်စားလှယ်များက လည်းကောင်း၊ COVID-19 ကာလအတွင်း Safeguards-related public consultation နှင့် စပ်လျဉ်း၍ အစိုးရ၏လမ်းညွှန်ချက်အသစ်များအကြောင်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှတာဝန်ရှိသူကလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့ပြင် စီမံကိန်းအကောင်အထည်ဖော် နေသည့်ဌာနများမှသိရှိလိုသည့် အချက်အလက်များအပေါ် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူ များ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။