“အရင်းအမြစ်များကို အကျိုးရှိရှိအသုံးချခြင်းဖြင့် အားလုံးညှိနှိုင်း ဆွေးနွေးတိုင်ပင်၍ အသိအမြင် ဖလှယ်ခြင်းနှင့် ပြည်သူများပူးပေါင်းပါဝင်ခြင်းတို့ဖြင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြပါစို့”
မြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှုအကူအညီမူဝါဒအရ နိုင်ငံဖွံ့ဖြိုးရေးအတွက် နိုင်ငံခြားအကူအညီ အထောက်အပံ့များ ရယူဆောင်ရွက်ရာတွင် ကမ္ဘာလုံးဆိုင်ရာ ချမှတ်ထားသော ဖွံ့ဖြိုးမှု ဆိုင်ရာ အခြေခံစည်းမျဉ်းများ ဖြစ်သည့် ဖွံ့ဖြိုးမှုဦးစားပေး အစီအစဉ်များကို ဦးဆောင် သတ်မှတ်ခြင်း၊ ရလဒ်များအပေါ် ဦးစားပေးဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးမှုအတွက် အားလုံး ပူးပေါင်းပါဝင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် တာဝန်ခံမှုရှိခြင်းတို့ဖြင့် ထိရောက်မှုရှိစွာ ဆောင်ရွက်နိုင်ရန်နှင့် အလှူရှင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းတို့နှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ အားကောင်းလာစေရန် ရည်ရွယ်၍ ဆောင်ရွက်မည် ဖြစ်ပါသည်။
နိုင်ငံတကာက ပေးအပ်သော ဖွံ့ဖြိုးမှုအကူအညီများကို အသုံးပြုရာတွင် ပြည်သူများ ထိရောက်စွာ အကျိုးရှိစေရေးအတွက် မြန်မာနိုင်ငံနှင့် မိတ်ဖက်အဖွဲ့အစည်းများ အချင်းချင်း ညှိနှိုင်းခြင်း၊ ဖွံ့ဖြိုးမှုအကူအညီ ရယူခြင်းနှင့် အသုံးပြုခြင်းတို့ ဆောင်ရွက်ရာတွင် ပွင့်လင်း မြင်သာမှုရှိခြင်း၊ ထိရောက်စွာ အသုံးပြုခြင်းနှင့် တာဝန်ခံခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit – DACU) ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ စပြီး ဖွဲ့စည်းခဲ့ပါသည်။
DACU သည် ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ အမျိုးသားမူဝါဒ နှင့် မဟာဗျူဟာများ ချမှတ် ခြင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုမူဝါဒများ၊ မဟာဗျူဟာနှင့် ဖွံ့ဖြိုးမှုဦးစားပေးများ နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ညှိနှိုင်းခြင်း၊ ပွင့်လင်းမြင်သာပြီး ထိရောက်မှု ရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးမှုအကူအညီများ အသုံးပြုရာ တွင် အကျိုးကျေးဇူး အများဆုံးဖြစ်စေသည့် ဦးစားပေးကဏ္ဍ၊ ဒေသနှင့် လုပ်ငန်းစီမံကိန်း များကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်အစိုးရများ၊ စီမံကိန်းကော်မရှင်၊ ကော်မတီ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်း သတ်မှတ်ခြင်း၊ အဆိုပြု စီမံကိန်းများသည် ဦးစားပေးကဏ္ဍနှင့် ဒေသများ၌ အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သော စီမံကိန်းများဖြစ်စေရေးအတွက် လမ်းညွှန်ခြင်း နှင့် ကြီးကြပ်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ပါသည်။
ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ DACU မှ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ စီမံချက် များကို ရယူဆောင်ရွက်ရာတွင် အိမ်ရှင်နိုင်ငံအနေဖြင့် ခေါင်းဆောင်မှုနှင့် ဖွံ့ဖြိုးမှု ဦးစားပေး စီမံချက်များ ရွေးချယ်သတ်မှတ်ရန်၊ ထိရောက်အကျိုးရှိ၍ တာဝန်ခံယူမှုနှင့် ပွင့်လင်းမြင်သာ စွာ အသုံးပြုနိုင်စေရန်၊ မြန်မာနိုင်ငံနှင့် အခြားမိတ်ဖက်များ လက်ခံထားသည့် နိုင်ငံတကာ သဘောတူညီမှု၊ စာချုပ်များအပေါ်တွင် ပြည့်စုံသော ဖွံ့ဖြိုးမှုအကူအညီများ ဖြစ်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒ (Myanmar Development Assistance Policy) ကို ရေးဆွဲခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်ခဲ့သည့် Myanmar Development Effectiveness Roundtable (DER) တွင် ထုတ်ပြန်ခဲ့ပါသည်။
ယခုအခါ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒကို လက်ရှိမူဝါဒ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်လျောညီထွေရှိပြီး လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်လာစေရေး အတွက် ပြင်ဆင်မွမ်းမံလျက်ရှိပါသည်။
၂၀၁၈ ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ကို ထုတ်ပြန်ခဲ့ပါသည်။ MSDP သည် ငြိမ်းချမ်း၍ သာယာဝပြောပြီး ပြည်သူအားလုံးပါဝင်နိုင်သောစစ်မှန်သည့်ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်နိုင်စေရန် ရည်မှန်း၍ ရေးဆွဲထားသော ဘက်စုံပူးပေါင်း ဆောင်ရွက်မှု မူဘောင် တစ်ရပ် ဖြစ်ပါသည်။
MSDP အရ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစေမည့် စီမံကိန်းများ ဖော်ထုတ် အကောင်အထည်ဖော်နိုင်ရေး သာမက စီမံကိန်းများ ဆောင်ရွက်မှုကို စောင့်ကြည့် အကဲဖြတ်နိုင်ရန်အတွက် အမျိုးသားညွှန်ကိန်းမူဘောင် (National Indicator Framework – NIF) တစ်ရပ်ကိုလည်း ချမှတ်ထားပါသည်။ MSDP သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်၍ ဆောင်ရွက်သော လုပ်ငန်းဆောင်ရွက်ချက်များ အကျိုးရှိထိရောက်စွာ အကောင် အထည်ဖော်နိုင်ရေး၊ ဦးစားပေးစီမံကိန်းများ ဖော်ထုတ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှု ရှိစေ ရေးတို့အတွက် အဓိကကျသော Master Plan တစ်ရပ် ဖြစ်ပါသည်။
ယခင်ဆောင်ရွက်မှု
ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့နှင့် (၂၀) ရက်နေ့တို့တွင် “Partnerships for Action, Implementation and Success” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး နေပြည်တော် သဘော တူညီချက် (Nay Pyi Taw Accord) ကို ထုတ်ပြန်နိုင်ခဲ့ပါသည်။
ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နှင့် (၂၈) ရက်နေ့များတွင် “Accelerating Actions for Progress through Enhancing Inclusive Coordination” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အတူတကွ လုပ်ဆောင်ရန် ပူးတွဲကြေငြာချက် (Joint Declaration) ကို ထုတ်ပြန်ခဲ့ပါသည်။
တတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့နှင့် (၈) ရက်နေ့တို့တွင် “Building Upon Foundations – Focusing Towards Future Inclusive Development” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး “ ကမ္ဘာလုံးဆိုင်ရာ ထိရောက်သော ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်” တွင် ပါဝင် ဆောင်ရွက်သွားရန်အတွက် ပူးတွဲကြေငြာချက် (Joint Declaration) ကို ထုတ်ပြန်ခဲ့ပါ သည်။
1st Myanmar Development Effectiveness Roundtable ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ လူမှု-စီးပွား ဖွံ့ဖြိုး တိုးတက်မှုအခြေအနေများ၊ မြန်မာနိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ၊ ကဏ္ဍ ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဖွံ့ဖြိုးမှုအကူအညီမူဝါဒ (Development Assistance Policy-DAP) အား ဖြန့်ဝေနိုင်ခဲ့ပါသည်။
ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး စားပွဲဝိုင်း ဆွေးနွေးပွဲ (2nd MDER) ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့နှင့် (၅) ရက်နေ့တို့တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန – ၂ (MICC-II) တွင် ကျင်းပပြုလုပ် မည် ဖြစ်ပါသည်။
အဆိုပါ စားပွဲဝိုင်းဆွေးနွေးပွဲတွင် ပွင့်လင်းမြင်သာစွာဖြင့် ကဏ္ဍပေါင်းစုံမှ ပါဝင် ပတ်သက်သူများ တက်ကြွစွာ ပါဝင်ဆွေးနွေးကြမည်ဖြစ်ပြီး ယင်းစားပွဲဝိုင်း ဆွေးနွေးပွဲကို ရည်ရွယ်၍ အောက်ပါအချက်များဖြင့် ထိရောက်စွာ ဆောင်ရွက်မည် ဖြစ်ပါသည်-
- ဝန်ကြီးဌာနများအား နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကာလတို၊ ကာလလတ်နှင့် ကာလရှည် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်များ၊ အစီအစဉ် များ၊ မဟာဗျူဟာများ နှင့်အညီ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ အနေဖြင့် ကိုက်ညီစွာ ဆောင်ရွက်မှု အခြေအနေများကို ချပြဆွေးနွေးနိုင်မည့် အခွင့်အရေး ကို ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊
- ဖွံ့ဖြိုးမှုအကူအညီများပေးအပ်ရေးနှင့် စပ်လျဉ်း၍ အောင်မြင်မှုများ၊ ရင်ဆိုင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ပြည်သူလူထုအတွက် ကောင်းကျိုး ဖြစ်ထွန်း စေမည့် ဦးစားပေးနယ်ပယ်များကို ရွေးချယ်ဆောင်ရွက်ရန်၊
- မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan-MSDP) နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ (Sustainable Development Goal-SDG) များ နှင့်အညီ ဖွံ့ဖြိုးမှုပန်းတိုင်များ၊ ရည်ရွယ်ချက်များ၊ ရည်မှန်းချက် များနှင့် ကိုက်ညီသည့် တာဝန်ယူ ဆောင်ရွက်ချက်များ၏ တိုးတက်မှုကို မျှဝေ ချပြဆောင်ရွက်ရန်။
ယခုကျင်းပမည့် ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး စားပွဲဝိုင်း ဆွေးနွေးပွဲ( 2nd MDER) တွင် အဓိက ပါဝင်ပတ်သက်သူများ ဖြစ်သည့် ဒေသတွင်း နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ စီးပွားရေးအသိုက်အဝန်းများ၊ ပညာရှင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များအကြား မိမိတို့ဆောင်ရွက်ကြမည့် ဦးစားပေးနယ်ပယ် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆက်သွယ် ပူးပေါင်းဆောင်ရွက် ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
ဆွေးနွေးပွဲ ရလဒ်များသည် ဖွံ့ဖြိုးမှု အကူအညီပေးရေးဆိုင်ရာ မူဝါဒ (updated Development Assistance Policy- DAP) ပြင်ဆင်နိုင်ရာတွင် လည်းကောင်း၊ ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ ဘဏ္ဍာငွေကြေး ကိစ္စရပ်များ အကဲဖြတ်သုံးသပ်ရေး (Development Finance Assessment- DFA) ဆောင်ရွက်ရာတွင် လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ အချက်အလက်များ ပုံနှိပ်ထုတ်ဝေရန် (2019 Development Partner Profile Book) ၊ စီမံကိန်းဘဏ် (Project Bank) တည်ထောင်ခြင်း၊ မြေနှင့် အဆောက်အအုံ သတင်းအချက်အလက်ဘဏ် (Land and Property Bank) တည်ထောင်ခြင်းနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan-MSDP) ဆိုင်ရာ အမျိုးသားညွှန်ကိန်း မူဘောင် MSDP National Indicator Framework (NIF) ချမှတ်ဆောင်ရွက်ရန်အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ပါသည်။
ဆွေးနွေးပွဲပထမနေ့တွင် ဖွံ့ဖြိုးမှုအကူအညီများ နှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အနာဂတ် အလားအလာ၊ အောင်မြင်မှုများ၊ လူမှုစီးပွား ဖွံ့ဖြိုးရေးဆိုင်ရာ အနာဂတ် ပြုပြင် ပြောင်းလဲမှုများကို ဆွေးနွေးပြောကြားမည်ဖြစ်ပြီး ဆက်လက်၍ တစ်ပြိုင်တည်း ကဏ္ဍ (၄) ခုခွဲ၍ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက်များတွင် လူထုအဖွဲ့အစည်းများ ပါဝင် လာနိုင်စေမည့် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရေးကို ဆွေးနွေးခြင်း၊ နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု ဆောင်ရွက်ချက်များတွင် အစိုးရ-ပုဂ္ဂလိက ကဏ္ဍပါဝင်လာစေရေး ငြိမ်းချမ်းရေး နှင့် လူ့အခွင့်အရေး နှင့်စပ်လျဉ်း၍ ငြိမ်းချမ်းသည့် စီးပွားရေး အသိုက်အဝန်း ဖန်တီးရေး အတွက် လူအခွင့်အရေးကို မြှင့်တင်ပေးရန် ဆွေးနွေးခြင်းနှင့် မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးမှု အကူအညီများ နှင့်စပ်လျဉ်း၍ နိုင်ငံတကာမှ အတွေးအမြင်များကို ဆွေးနွေးဖလှယ်ကြမည် ဖြစ်ပါသည်။
ဆွေးနွေးပွဲ ဒုတိယနေ့တွင် ဖွံ့ဖြိုးမှုအကူအညီများသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု ဦးစားပေးလုပ်ငန်းများကို အထောက်အကူပြုရန် ပေါင်းစပ်ညှိနှိုင်းခြင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ အကောင်အထည် ဖော်ရေး နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ဖွံ့ဖြိုးမှု အကူအညီများသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု ဦးစားပေး လုပ်ငန်းများကို အထောက်အကူပြုရန် ပေါင်းစပ်ညှိနှိုင်းခြင်း ခေါင်းစဉ်အောက် တွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု မူဝါဒကို ပြန်လည်သုံးသပ်ခြင်းနှင့် မြန်မာနိုင်ငံ၏ Project Bank နှင့် Land Bank နှင့်စပ်လျဉ်း၍ ဆွေးနွေးကြမည်ဖြစ်ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (MSDP) နှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးမှုအကူအညီများကို MSDP နှင့် ကိုက်ညီ စွာ ဆောင်ရွက်ခြင်း၊ MSDP နှင့် စီမံကိန်းများ၊ မူဝါဒများ ပေါင်းစည်းမှု၊ Strategic Coordination Groups များဖွဲ့စည်းရေး၊ MSDP National Indicator Framework ထုတ်ပြန်ခြင်း စသည့်အကြောင်းအရာများ ယခုကျင်းပမည့် 2nd DER ဆွေးနွေးပွဲတွင် ပါဝင်မည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။