၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်၊ နေပြည်တော်
ဂျပန်နိုင်ငံအစိုးရ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့က ဆောင်ရွက်မည့် လုပ်ငန်းစီမံချက် ၂ ခု အတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ UNICEF နှင့် WFP တို့အကြား Exchange of Notes (EoNs) လက်မှတ်ရေးထိုးပွဲကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက် နံနက်ပိုင်းတွင် Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြား ရာတွင် မြန်မာနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးမှုအကူအညီများအား စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုများအတွက် ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်ပြည်သူများအား ကျေးဇူးတင်ရှိကြောင်း၊ ထို့အတူ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပံ့ပိုးပေးလျက်ရှိသည့် UNICEF နှင့် WFP တို့၏ ကြိုးပမ်းအားထုတ်မှုများအတွက် ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က ယခု ဆောင်ရွက်မည့် လုပ်ငန်းစီမံချက် ၂ ခုသည် ပဋိပက္ခဖြစ်ပွားရာဒေသများ၌ ကုလသမဂ္ဂအဖွဲ့အစည်းများက လက်ရှိ ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များကို ထပ်လောင်း အားဖြည့်ပေးနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ပါ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ဤလုပ်ငန်းစီမံချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr. Ichiro Maruyarma ၊ WFP ရုံး၏ Deputy Country Director Mr. Marcus Prior နှင့် UNICEF ရုံး၏ Deputy Representative Ms. Alessandra Dentice တို့က သက်ဆိုင်ရာလုပ်ငန်းစီမံချက်အလိုက် Exchange of Notes များကို လက်မှတ်ရေးထိုးခဲ့ပြီး အမှာစကားများ အသီးသီး ပြောကြားခဲ့ပါသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂအဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးလုပ်ငန်းများအတွက် ရန်ပုံငွေများကို ၂၀၁၈ ခုနှစ်မှစ၍ နှစ်စဉ်ထည့်ဝင်ပံ့ပိုးပေးလျက်ရှိရာ ယခုလက်မှတ်ရေးထိုးသည့် Exchange of Notes များအရ UNICEF နှင့် WFP တို့က ယင်းတို့၏ ဆောင်ရွက်ဆဲနိုင်ငံဆိုင်ရာအစီအစဉ်များအောက်တွင် ထည့်သွင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
UNICEF မှ အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံချက်သည် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရှိ နေရပ်စွန့်ခွာရသူများ နှင့် ထိခိုက်လွယ်ပြည်သူများအား လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးသွားမည်ဖြစ်ရာ အထူးသဖြင့် ကလေးသူငယ်များနှင့် အမျိုးသမီးများအတွက် ကျန်းမာရေး (Health)၊ ရေရရှိရေး၊ ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး (WASH)၊ ပညာရေး (Education) ဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများကို အမေရိကန် ဒေါ်လာ ၄.၇၁ သန်း ဖြင့် ၂၄ လကြာ အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး လူဦးရေ ၄၀၀, ၀၀၀ ဦးခန့်ကို အကျိုးကျေးဇူးခံစားခွင့် ရရှိစေမည် ဖြစ်ပါသည်။
WFP မှ အကောင်အထည်ဖော်မည့်လုပ်ငန်းစီမံချက်သည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရှိ နေရပ်စွန့်ခွာရသူများ နှင့် ထိခိုက်လွယ်ပြည်သူ လူထုအတွက် အာဟာရပြည့်ဝရေး၊ အရေးပေါ်စားနပ်ရိက္ခာထောက်ပံ့ရေး၊ လူထုပြန်လည် ထူထောင်ရေးနှင့်ကျောင်းတွင်းအာဟာရတိုက်ကျွေးရေးလုပ်ငန်းများကို အမေရိကန်ဒေါ်လာ ၄.၇သန်း ခန့်ဖြင့် ၁၂ လကြာ အကောင်အထည်ဖော်မည်ဖြစ်ပြီး လူဦးရေ ၃၈၈,၂၅၀ ဦးခန့်ကို အကျိုးကျေးဇူး ခံစားခွင့်ရရှိစေမည်ဖြစ်ပါသည်။
လက်မှတ်ရေးထိုးပွဲသို့ လုပ်ငန်းစီမံချက်များနှင့်သက်ဆိုင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိများ၊ ဂျပန်သံရုံး၊ UNICEF နှင့် WFP တို့မှ တာဝန်ရှိပုဂ္ဂိုလ်များကလည်း Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။